Archive for the ‘ိdaw aung san suu kyi’ Category

လွတ်လပ်​ခွင့် ဒေါ်​စု​ဟောပြော​ချက် (၁)

July 28, 2011

လွတ်လပ်ခွင့် ဒေါ်စုဟောပြောချက် (၁)

ဘီဘီစီကတဆင့်
အခုလို မိတ်ဆွေတို့ကို စကားပြောရတာ ကျွန်မအဖို့မှာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။
အဓိပ္ပါယ်က ဘာလဲဆိုတော့ ကျွန်မဟာ တရားဝင် အားဖြင့် လွတ်လပ်မှု ရှိသော လူပုဂ္ဂိုလ် တယောက် တဖန် ပြန်လို့ ဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ကျွန်မဟာတရားဝင်အားဖြင့် လွတ်လပ်မှုမရှိသော လူတယောက် ဖြစ်နေခဲ့တုန်းက… ဆိုလိုတာက နေအိမ် အကျယ်ချုပ်နဲ့နေခဲ့ရစဉ် တုန်းက ကျွန်မကို စကားပြောခဲ့သူဟာ ဘီဘီစီ ဖြစ်ပါတယ်။ ကျွန်မက နားထောင်ခဲ့ရသူပါ။ ဒါပေမဲ့ အဲဒီလို နားထောင်ရတဲ့ အတွက် လွတ်လပ်မှုတမျိုးကိုလည်း ကျွန်မ ရခဲ့ပါတယ်။
ဘီဘီစီမှတဆင့် ကမ္ဘာတဝှမ်းကိုပို့ချနေတဲ့

ဒေါ်အောင်ဆန်းစုကြည်


အခြားသော လူပုဂ္ဂိုလ်တို့ရဲ့ အတွေးအမြင်ကို စူးစမ်းနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ချင်း အတွေး အမြင် ဖလှယ်ရတာမျိုးနဲ့တော့ တထပ်တည်း တူညီတယ်လို့မခေါ်နိုင်ဘူးပေါ့။ ဒါပေမယ့် လူသားချင်း ဆက်သွယ်မှု ပုံစံတမျိုးဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကို  ရရှိထားသူ  မြန်မာ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားသူ

ကိုယ့်ရဲ့ အတွေးအခေါ်၊ ကိုယ့်ရဲ့ မြော်လင့်ချက်၊ ကိုယ့်ရဲ့ အရယ်အမောဆိုတာတွေကို မျှဝေချင်လို့ နောက်ပြီး တခါ
တလေမှာ ကိုယ့်ရဲ့ဒေါသ၊ ကိုယ့်ရဲ့ဒေါမနဿကိုပင်လျှင် မျှဝေချင်လို့ သူတပါး လူသားတွေနဲ့ လွတ်လပ်စွာ ဆက် သွယ်ခွင့်ဆိုတာဟာ ဘယ်သောအခါမှ ချိုးဖောက်တာခံရဖို့မသင့်တဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို                                                တိုက်ရိုက်မေးမြန်းမဲ့သူတွေ
တက်ရောက်မေးခဲ့

ဒီနေ့ ကျွန်မဟာ မိတ်ဆွေတို့နဲ့ လူကိုယ်တိုင် မတွေ့မဆုံနိုင်သော်လည်းဘဲ ကျွန်မအဖို့ရော နောက်ပြီး လွတ်လပ်မှု ကင်းမဲ့ခြင်းလို့ ကျွန်မခေါ်ချင်တဲ့ ဝမ်းနည်းဘွယ်ရာကောင်းလှတဲ့ အခြေအနေကြီးမှာ နေထိုင်နေရာဖြစ်တဲ့ ကမ္ဘာ တဝှမ်းလုံးက တခြားသူတွေအဖို့ရော လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုအဓိပ္ပါယ်အနှစ်သာရ ပြည့်ဝသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့အတွေးအမြင်တွေကို မိတ်ဆွေတို့ဆီရောက်အောင် မျှဝေပေးလိုက်ခြင်းအားဖြင့် လူသားချင်း ဆက်သွယ်နိုင်ခွင့်ဆိုတဲ့ ကျွန်မရဲ့အခွင့်အရေးကို အခုလို သုံးစွဲခွင့်ရရှိခြင်းအတွက် ကျွန်မ အင်မတန်မှ ကျေးဇူးတင် လှပါတယ်။

ပထမဦးဆုံးအကြိမ် ကျွန်မ ဖတ်ဖူးခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ဟာ အနေတော်ဖြစ်တာလို့ ခေါ်ရမလား၊ အတိတ်နိမိတ်ဖြစ်တယ်လို့ ခေါ်ရမလား၊ နှစ်ခုစလုံးပဲလို့ ပြောကောင်း ပြောနိုင်မလား။ ( Seven Years Solitary ) (ထောင်ထဲမှာတ ယောက်ထဲ ခုနစ်နှစ်)ဆိုတဲ့စာအုပ် ဖြစ်ပါတယ်။ Hungarian အမျိုးသမီးတယောက် ရေးခဲ့တာပါ။
၁၉၅ဝ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းကာလတုန်းက သူတို့ဆီမှာ (Com- munist Party)အတွင်း ဖြုတ်ထုတ်ပွဲကြီး တွေ ဖြစ်ပေါ်နေစဉ် အတွင်းတုန်းက အာဏာရှိသူတွေနဲ့ ဆန့်ကျင်ဖက်ဂိုဏ်းမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတယောက် ရေးခဲ့တာပါ။ တယောက်တည်းနေရတဲ့ အမျိုးသမီးတယောက်ဟာ လူသားချင်းဆက်သွယ်မှုဆိုလို့ နေ့စဉ်နဲ့အမျှ သူ့ရဲ့ မာန်ကို ချိုးနိုင်သလောက်ချိုးဖို့စဉ်းစားနေတဲ့ ယောက်ျားကြီးတွေနဲ့ဆက်သွယ်မှုသာလျှင်ရှိတဲ့ အထဲက နှစ်နဲ့ချီပြီး ကြာအောင် ဦးနှောက်ကလည်း ထက်မြက်မြဲ၊ စိတ်ဓါတ်ကလည်း မကျဘဲ နေနိုင်ခဲ့တာဟာ ဘယ်လို ဆုံးဖြတ်ချက် ကြောင့်ပါလိမ့် ၊ ဘယ်လိုကြံရည်ဖန်ရည်ကြောင့်ပါလိမ့်ဆိုပြီး အဲဒီတုန်း က ၁၃နှစ် အရွယ် ကျွန်မဟာစိတ်ဝင်တစား
ဖြစ်ခဲ့မိပါတယ်။

                 နိုင်ငံရေးသမားဟာ စိတ်ဓာတ်ပြင်းရမယ်၊တာဝန်သိရမယ်၊ အရေးကြီးမကြီး သိရမယ်

အစိုးရဝါဒကို သဘောမတူတဲ့လုပ်ငန်းထဲဝင်ရောက်ဖို့၊ နောက်ပြီး အဲဒီလုပ်ငန်းမှာဇွဲနဘဲနဲ့နေဖို့ဆုံးဖြတ်ထားသူတွေ ရဲ့အဖို့ရာမှာ ဒီလိုအပ်ချက်ဟာ ဆုံးရှုံးမှုကိုကြိုတွက်ပြီး ပြင်ဆင်ထားရတဲ့ အခြေခံအကျဆုံး လိုအပ်ချက်တခု ဖြစ်ပါ တယ်။

အမှန်မှာ အခွင့်အရေး ဆုံးရှုံးခြင်းဟာ အစိုးရဝါဒ ဝေဖန်သူတွေရဲ့ ဘဝအစိတ်အပိုင်း အကြီးကြီးတခု ဖြစ်ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဟာ အခွင့်အရေးဆုံးရှုံးမှုလမ်းကြောင်းကိုလျှောက်ဖို့ တမင်္ဂလာ ရွေးချယ်တတ်ကြပါသလဲ။Max Weberကတော့ နိုင်ငံရေးသမားတွေအဖို့ အဆုံးအဖြတ်ဖြစ်စေနိုင်လောက်အောင် အရေးကြီးတဲ့အရည်အချင်း ၃ ခုဟာ စိတ်ဓါတ်ပြင်းထန်ခြင်း၊ တာဝန်သိခြင်းရယ်၊ အရေးကြီးတာနဲ့အရေးမကြီးတာကို ခွဲခြားနိုင်ခြင်းရယ် ဖြစ် တယ်လို့ ပြောပါတယ်။

ပထမအချက်ဖြစ်တဲ့ စိတ်ဓါတ် ပြင်းပြင်းထန်ထန်နဲ့ ခွန်အားစိုက်ထုတ်လုပ်ကိုင်ခြင်းဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုပါ တယ်။ အဲဒီလို စိတ်ဓါတ်ပြင်းထန်မှုမျိုးဟာ ဘေးအန္တရာယ်အများဆုံး နိုင်ငံရေးမျိုးဖြစ်တဲ့၊ အစိုးရဝါဒကို သဘော မတူတဲ့နိုင်ငံရေးမှာ ပါဝင်ပြီးလုပ်ကိုင်သူတွေအဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

ကျန်တဲ့ နိုင်ငံသားများနဲ့ တသီးတခြားလောကမှာနေထိုင်ဖို့၊ အစိုးရဝါဒ ဝေဖန်မှုလောကမှာနေထိုင်ဖို့၊ ကြေညာပြီး တော့ဖြစ်စေ၊ မကြေညာဘဲနဲ့ဖြစ်စေ၊ ဆုံးဖြတ်ချက်ချမှတ်သူ လူတိုင်းလူတိုင်းရဲ့ အတွင်းသဏ္ဌာန်မှာအဲဒီလိုစိတ်ဓါတ် ပြင်းထန်မှုမျိုး ရှိနေရပါတယ်။

ဒီလောကမှာ နေထိုင်သူ လူထူးလူဆန်းတွေကို အမှတ်အသားပြုနိုင်ဖို့ရာ၊ အပြင်ပန်း လက္ခဏာရယ်လို့တော့ မရှိပါ ဘူး။ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကို ရုံးဖွင့်တဲ့ရက် ဘယ်ရက်မဆို လာကြည့်ပါ၊ ရေစိမ်ခံ အကြမ်းခံ အဖွဲ့ဝင်တွေအတွက် စီစဉ်ထားတဲ့ ခနောနီ ခနော်နဲ့ ပုံမလှ ပန်းမလှ ခပ်ရိုးရိုး အဆောက်အဦ ကလေးတခုပါ။ ဒီအဆောက်အဦကို“အဲန်အယ်လ်ဒီ တင်းကုပ်”ဆိုပြီး အခေါ်ခံရတာဟာဖြင့်တကြိမ်မကတော့ပါဘူး။

ဒီလို ခေါ်ကြတဲ့ သူတွဟော စာနာတဲ့စိတ်နဲ့ရော ၊ မကြာခဏဆိုသလို ချီးကျူးတဲ့စိတ်နဲ့ရော ပြုံးပြီး ခေါ်ကြလေ့ရှိတာ ဖြစ်တဲ့အတွက် ကျွန်မတို့ကလည်း စိတ်မဆိုးပါဘူး။ တကယ်တော့ ကမ္ဘာမှာ သြဇာ သက်ရောက်မှု အကြီးမားဆုံး လှုပ်ရှားမှုတခုဟာ တင်းကုပ် တခုထဲမှာ အစပြုခဲ့တာ မဟုတ်ပါလား။

ကျွန်မတို့ရဲ့ လူနေစရာ ကျပ်ကျပ်တည်းတည်းနဲ့ ခပ်စုပ်စုပ် ရုံးခန်းမှာ သူလိုကိုယ်လို ပုံပန်းသဏ္ဌာန် အများကြီး ပေါက်တဲ့လူတွေကို မိတ်ဆွေတို့ တွေ့ ရပါလိမ့်မယ်။ ကဗျာဆန်ဆန် ပုံမကျပန်းမကျ ဆံပင်ပုံစံကြီးနဲ့ အဲဒီ သက်ကြီး ရွယ်အိုကြီးက သတင်းစာဆရာ လက်ဟောင်းကြီး တယောက်ပါ၊ သူက အစိုးရဝါဒ ဝေဖန်သူ ထိပ်တန်း ပုဂ္ဂိုလ်ကြီး
တယောက်လည်း ဖြစ်ပါတယ်။

ဒေါ်စုပြောတဲ့ ကဗျာဆန်ဆန် ပုံမကျပန်းမကျ  သက်ကြီးရွယ်အို သတင်းစာဆရာကြီး

ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ကြာပြီး လွတ်လာတဲ့အချိန်မှာ သူ့ရဲ့ စိတ်မချမ်းမြေ့ဘွယ်ရာအတွေ့အကြုံတွေအကြောင်း စာအုပ်တအုပ်ကို ချက်ခြင်း ကောက်ပြီးရေးပါတယ်။ စာအုပ် နာမည်က(Is This A Human Hell) (ဘာလဲဟဲ့ လူ့ငရဲ )တဲ့။ ဗမာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ထောင်နဲ့ချီအောင် ရှိနေဆဲဆိုတာကို အမှတ်ရ နေစေဖို့အတွက်ဆိုပြီး သူကထောင်အင်္ကျီ အပြာရောင်ကို အမြဲ ဝတ်ပါတယ်။

မျက်နှာမှာ သောကအရိပ်အရောင် ကင်းရှင်းတဲ့ ဟောဒီ သပ်သပ်ရပ်ရပ်နဲ့ မျက်မှန်နဲ့ အမျိုးသမီးကတော့ ထောင် ထဲမှာ ၉ နှစ်နေခဲ့ရသူ ဆရာဝန် တယောက်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်မှာ သူလွတ်လပ်လာတဲ့အချိန်က စလို့ သူဟာ ကျွန်မတို့ ပါတီရဲ့ လူမှုရေးနဲ့လူသားဒုက္ခကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး အားလပ်ရက် ရယ်လို့ မရှိအောင် လုပ်ကိုင်နေခဲ့ပါတယ်။

အသက် ဂဝ ကျော် အရွယ်ပိုင်းရောက်နေတဲ့ ခင်ဖို့ကောင်းတဲ့ အဖွားအိုကြီးတချို့လည်းရှိပါတယ်။ သူတို့ဟာ ၁၉၉၇ ခုနှစ်က စပြီး ကျွန်မတို့ရဲ့ ရုံးခန်းကို မှန်မှန် ရောက်လာလေ့ရှိသူတွပေါ့။

အဲဒီနှစ်ဟာ ကျွန်မတို့အဖို့ ဆူနာမီ ဒီရေလှိုင်းလုံးကြီး ရိုက်ခတ်ခဲ့တဲ့နှစ်တနှစ်ပါဘဲ။ အဲဒီနှစ်မှာ ဖိနှိပ်ချုပ်ခြယ်မှု လှိုင်း လုံး အကြီးကြီးရဲ့ဒဏ်ကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ အမြောက်အမြားဟာ ထောင်ထဲ ရောက်ကုန်ခဲ့ပါတယ်။

ခင်မင်စရာကောင်းတဲ့ အဖွားကြီးတွေလည်း လာကြတယ်လို့ ဒေါ်စုက ရိုးရိုးလေးပြောပါတယ်

ကျွန်မတို့ပါတီရဲ့ အစည်းအဝေးတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူတွေရဲ့ ဇနီး သားမယားတွေကိုရော သားငယ်၊ သ မီးငယ်တွေကိုရော၊ မိအိုဖအိုတွေကိုရော ကျွန်မက ပြောပါတယ်။ ကျွန်မတို့ ဆောင်ရွက်နေတဲ့အရေးကို ညီညီညွတ် ညွတ်နဲ့ ထောက်ခံကြပါ။ ကျွန်မတို့ဟာ လက်မြှောက်အရှုံးပေးမှာမဟုတ်ကြောင်း၊ ထောင်ထဲမရောက်ဘဲကျန်ခဲ့တဲ့ ကျွန်မတို့တတွေဟာ ထောင်ထဲရောက်လို့ လွတ်လပ်ခွင့် ချုပ်ခြယ်ခံရသူတွေရဲ့ အလံတော်ကို ကောက်ကိုင်ခဲ့ကြတဲ့ သတ္တိခဲတွေအထဲမှာ အခုန ပြောတဲ့ ခင်ဖို့ ကောင်းတဲ့ အဖွားအိုကြီးတွေလည်း ပါဝင်ပါတယ်။

သူတို့ဟာ ခိုင်မြဲတဲ့စိတ်ဓါတ်အင်အား ကြီးကြီးမားမားနဲ့ အလံတော်ကို ကိုင်စွဲမြဲ ကိုင်စွဲနေကြပါတယ်။…

နားဆင်ရန်

ဘီဘီစီ(မြန်မာပိုင်း) ဘီဘီစီ ရေဒီယိုဖိုးမှ ပို့ချချက် ဘာသာပြန် တင်ဆက်မှုကိုကူးယူဖော်ပြပါသည်။               

BURMA STAR GROUP                                    (ဆက်ပါဦးမယ်)

၂၀၁၁ ဇူလိုင် ၂၈